ဗိုက်ခွဲမွေးပြီးရင် ရိုးရိုးထပ်မွေးဖို့ လွယ်ကူပါ့မလား
Hello! ဟက်ပီးချစ်သူလေး တို့ကို ဒီတပတ်ဆွေးနွေးပေးချင်တဲ့ ကျန်းမာရေးခေါင်းစဥ်လေးကတော့ ဗိုက်ခွဲမွေးပြီး ရိုးရိုးမွေးချင်လျှင် ဘာတွေသိထားဖို့လိုအပ်မလဲ ဘာတွေဆောင်ရ ရှောင်ရမလဲ ဘယ်လိုအခြေအနေမျိုးဆို မွေးဖို့ ခွင့်ပြုလို့ရမလဲဆိုတဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ပထမတခါအကြောင်းအမျိုးမျိုးကြောင့် ဗိုက်ခွဲမွေးခဲ့သည်ရှိသော် ဒုတိယတခါမှာတော့ မုချ ဗိုက်ခွဲမွေးလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်မနေ ထပ်ပြီးခွဲမွေးရတော့မယ်ဆိုရင်တော့
ပထမတစ်ကြိမ် ဗိုက်ခွဲမွေးဖွားမှုက
- ဘာကြောင့်မွေးရတာလဲ
- ဘယ်နှစ်ကြိမ်များ ခွဲမွေးဖူးလဲ
- အနာရော ကောင်းကောင်းကျက်ရဲ့လား
- အနာကနေ ပြည်ထွက်ပြီး ပြန်ပြုပြင်ပြီးချုပ်ရတာမျိုးရှိဖူးလား
အစရှိသည်တို့ကို ပြန်လည်ကြည့်မှာပါ။ ဒါ့အပြင် ယခုလက်ရှိကိုယ်ဝန်မှာ ကလေးအရွယ်အစား ကလေးကြီးထွားမှု ကလေးအနေအထား ပြသနာတစုံတရာ ရှိမရှိကိုလည်း အသေအချာ ဆန်းစစ်ရဦးမှာ ဖြစ်ပါတယ်။
ပထမတစ်ကြိမ် ခွဲမွေးဖြစ်ရတဲ့ အကြောင်းအရင်းက
- မိခင်ဖြစ်သူအနေနဲ့ ညှပ်ရိုးနဲ့ တင်ပဆုံရိုးကျဥ်းနေတာကြောင့် (သို့)
- အချင်းရှေ့မှာ ပိတ်ဆို့နေတာတွေကြောင့် (သို့)
- သားအိမ်မှာ အသားလုံးအပိုရှိနေတာကြောင့် (သို့)
- ကိုယ်ဝန်ဆိပ်တက်နေတာကြောင့် ဆိုရင်တော့ ခွဲမွေးပြီးနောက်ပိုင်း ရိုးရိုးမွေးဖို့ ခွင့်မပြုပါဖူး။
အရေးအကြီးဆုံးအနေနဲ့ ခွဲမွေးပြီးနောက်ပိုင်း ရိုးရိုးမွေးဖို့ခွင့်ပြုရမယ်ဆိုရင်တောင် ဆေးရုံမှာပဲ မွေးရပါမယ်နော်။ အိမ်မှာ မိမိဘာသာ သားဖွားဆရာမ၊ ဝမ်းဆွဲဆရာမနဲ့ မွေးလို့မရပါဖူး။ ပထမခွဲထားတဲ့ နေရာကနေတဆင့် သားအိမ်ကွဲသွားခဲ့မယ်ဆိုရင် မိခင်ရော၊ ကလေးပါ အသက်ဆုံးရှုံးနိုင်တာကြောင့်ဖြစ်ပါတယ်။
ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်
- ဆီးစပ်နေရာကနေ မခံမရပ်နိုင်အောင် နာကျင်ခြင်း၊
- ကလေး မလှုပ်တော့ခြင်း၊
- မွေးလမ်းကြောင်းမှတဆင့် သွေးများရုတ်တရက် သွန်လာခြင်း
စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ ခွဲမွေးပြီး ရိုးရိုးမွေးမယ်လို့ စဥ်းစားလိုက်တာနဲ့ အရေးပေါ်ခွဲခန်း လိုအပ်လျှင် သွေးသွင်းဖို့ အဆင်သင့်ဖြစ်နိုင်တဲ့ ဆေးရုံကိုရွေးချယ်စေခြင်းဖြစ်ပါတယ်။
ပထမတခါ ခွဲမွေးပြီး ဒုတိယတခါကို မဖြစ်မနေ ရိုးရိုးမွေးချင်တယ်ဆိုရင်
သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်များနှင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြီးမှ ဆောင်ရွက်ပါ။ ကိုယ်ဝန်ကို စောနိုင်သမျှစောစောအပ်ပါ။ ရက်ချိန်းသေချာသွားပါ။ မိမိရိုးရိုးမွေးချင်သော အကြောင်းကို ပြောပြပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါကြောင်း ပြောပြရင်း ဒီအကြောင်းအရာလေးကို ဒီမှာ ခေတ္တ ရပ်နားပါရစေနော်။
အမျိုးသမီးကျန်းမာရေးပြဿနာများကို Healtppy ၏ FDS Service မှတစ်ဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။